နွေရာသီမှာ အပူဒါဏ်ကြောင့် မျက်စိမထိခိုက်အောင် ဘယ်လိုဂရုစိုက်ရမလဲ
နွေရာသီကို ရောက်ရှိလို့ လာပါပြီ။ တစ်နှစ်ထက်တစ်နှစ် ပိုပိုလာတဲ့ အပူချိန်တွေထဲမှာ စိတ်ရော၊ ကိုယ်ရော ကျန်းမာစွာ နေနိုင်ဖို့ အရေးကြီးလှပါတယ်။ လူအများစုဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် အသားအရေပျက်စီးမှာကိုပဲ စိုးရိမ်တကြီး ကာကွယ်နေကြပြီး မျက်စိကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။
နွေရာသီမှာ မျက်စိနာရောဂါအပါအဝင် မျက်စိခြောက်သွေ့ ယားယံတာ၊ ပန်းဝတ်မှုန်၊ ဖုန်နဲ့ အမှိုက်တွေကြောင့် မျက်မှေးရောင်တာ၊ မျက်စိပိုးဝင်တာ စတဲ့ မျက်စိပြဿနာ အမျိုးမျိုး ဖြစ်နိုင်တဲ့အပြင် နေရောင်ခြည်ကြောင့် မျက်စိနဲ့အနီးတဝိုက် အရေးအကြောင်းတွေ ပေါ်လာတာ၊ အတွင်းတိမ်ဖြစ်တာ၊ မျက်ကြည်လွှာရောင်ရမ်းတာ၊ မြင်လွှာရောင်ခြယ် ပျက်စီးတာ စတာတွေလည်း ဖြစ်နိုင်တာမို့ မျက်စိကို ဂရုစိုက်ဖို့ကလည်း အရေးကြီးတဲ့ အရာတစ်ခုပါ။
မျက်စိကို ဘယ်လိုဂရုစိုက်သင့်သလဲ?
(1) မျက်စိကို ကာကွယ်ထားပါ
အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ UVA နဲ့ UVB ကို ကာကွယ်နိုင်မယ့် နေကာမျက်မှန် ခပ်ကြီးကြီးတပ်တာမျိုးက မျက်ရည်ခန်းခြောက်တာကို ကာကွယ်ပေးလို့ မျက်စိယားယံတာကို သက်သာစေသလို မျက်စိထဲကို ပြင်ပအရာတွေ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် UV ရောင်ခြည်တွေကြောင့် အိုမင်းရင့်ရော်ခြင်း မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(2) ရေကူးရင်လည်း ရေကူးမျက်မှန်တပ်ပါ
ပူအိုက်တဲ့အခါ ရေကူးကန်ကို မကြာခဏ သွားကြမယ် မဟုတ်လား။ ရေကူးကန်ထဲက ကလိုရင်းတွေဟာ မျက်စိနီရဲ ဓာတ်မတည့်ဖြစ်ပြီး ယားယံစေတတ်တာမို့ ရေကူးတဲ့အခါ Goggles လို့ခေါ်တဲ့ ရေကူးမျက်မှန် တပ်ထားဖို့ မမေ့ပါနဲ့။
(3) မျက်စိကို ရေဓာတ်ဖြည့်ပါ
ရေများများသောက်ပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်သလို မျက်စိကိုလည်း ရေဓာတ်ဖြည့်ဖို့အတွက် မျက်စဥ်းခပ်ပေးလို့ ရပါတယ်။ မျက်စိကို အေးမြစေတဲ့ မျက်ရည်တုပုံစံ မျက်စဥ်းတွေက ခြောက်သွေ့ယားယံခြင်း မဖြစ်အောင် ကူညီပါလိမ့်မယ်။
(4) လက်ကို မကြာခဏဆေးပါ
လက်ဟာ ရောဂါပိုးတွေကို အသယ်ဆောင်နိုင်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းပါ။ လက်က မျက်စိကို ကိုင်တွယ်ပွတ်သပ်မိလေ့ရှိတာကြောင့် လက်ကို မကြာခဏဆေးတာက မျက်စိပြဿနာတွေကို ကာကွယ်ပြ်းသား ဖြစ်စေပါတယ်။
(5) မျက်စိကို အားရှိစေမယ့် အစာအာဟာရတွေ စားပါ
အမြင်အာရုံကို အထောက်အကူ ဖြစ်စေတဲ့ ဗိုက်တာမင်အေနဲ့ ဘီတာကယ်ရိုတင်းပါတဲ့ အစားအစာတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants ပါတဲ့ အစားအစာတွေက မျက်စိကျန်းမာရေးအတွက် အရေးကြီးပါတယ်။ မုန်လာဥနီ၊ ရွှေဖရုံသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ငရုတ်ပွအဝါ စတဲ့ အဝါရောင်ရှိတဲ့ အသီးအနှံတွေ၊ အစိမ်းရောင်အရွက်တွေ များများစားဖို့ လိုပါတယ်။
မျက်စိဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်သလို နူးညံတဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ မျက်စိကို ဂရုတစိုက် စောင့်ရှောက်ခြင်းဖြင့် ပူပြင်းတဲ့ နွေကာလကို ဖြတ်ကျော်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်